အနာဂတ်လို့ပြောပြောပြီး နအုံတွေချည့် ဖုန်ခါပေးနေ
#lkessayden 73
တနေ့က အသီးအနှံလေး နည်းနည်းဝယ်ဖို့ စျေးဘက်လမ်းလျှောက်ရင်း မြင်ကွင်းတခုကို အင်မတန်မှကို ကျက်သရေယုတ်စွာ မြင်လိုက်ရတယ်၊၊ လူနှစ်ယောက်က ဆယ်နှစ် ဆယ့်တစ်နှစ်အရွယ်လောက်သာရှိဦးမယ့် ကလေးတယောက်ကို တယောက်က လက်ကိုဖျစ်၊ တယောက်က ကုပ်ကို ညှစ်လို့ အတင်းဆွဲခေါ် လာတာကို မြင်လိုက်ရတယ်။ လက်တဖက်က လည်ကုပ်ကိုကိုင် ညှစ်ထားရင်း ကျန်တဲ့တဖက်ကလဲ ကလေးကို နားအုံတွေချည့် ဗျင်းနေတာကို ကြည့်ပြီး အဲဒီလူကို အတော်ကလေး ရွံနေမိတယ်၊၊ အပြာရောင်ယူနီဖောင်းလို အင်္ကျီဝတ်လို့၊ လူတွေကြားထဲ ကလေးကို နရင်းပစ်ပစ်ရိုက်ရင်း သူ့လူရာဝင်မှုကိုသူ ကျေနပ်နေပုံမျိုး၊ သူ့ ကြည့်ရတာ ကျက်သရေယုတ်လိုက်တာ၊၊ အဲဒီလို ကလေးတယောက်ကို လူနှစ်ယောက်က ရာဇဝင်လူဆိုးကို ဖမ်းလာသလို ဖမ်းလာတဲ့နောက်မှာ ဗိုက်သားကိုမနည်းထိန်းနေရလို့ ပြဲထွက်သွားတော့မတတ် စွပ်ကျယ်အဖြူကို ဝတ်ထားတဲ့ အဆီယစ်နေတဲ့ လူတယောက်ပါလာသေးတယ်၊၊ ပါးစပ်က "ဒီကောင်တွေများနေပြီ မှတ်လောက်အောင် ဆော်ထားမှ" တဲ့ ရှေ့က လူနှစ်ယောက်ရဲ့ လုပ်ရပ်ကို တရားသလို အော်ဟစ်လာတယ်၊၊
ကလေးက ညှစ်ထားတဲ့ လက်ကြီးထဲမှာ လည်ပင်းတခုလုံးကို ပျောက်နေတယ်။ ခေါင်းကလေးကိုလည်း ငုံ့လို့ တချက်တချက် ဖုန်းခနဲ ဖန်းခနဲများ အရိုက်ခံလိုက်ရရင် ခေါင်းကလေးကို စောင်းစောင်းသွားတယ်၊၊ တော်တော် နာလိမ့်မယ်ထင်တယ်၊ မူးဝေသွားပုံလည်းရတယ်။ လူတွေလည်း အဲဒီကလေးနဲ့ ကလေးကို စွတ်အတင်းတွန်းထိုးဆွဲခေါ်နေတဲ့ လူကိုကြည့်ပြီး တယောက်နဲ့တယောက် လက်တို့ မေးငေါ့ မေးမြန်းကြတာ၊ ထင်မြင်ယူဆကြတာတွေ ပြောကြဆိုကြတာပေါ့။ လိမ္မော်သီး ဝင်နှိုက်တယ်ပြောတယ်။ အခုဖမ်းမိထားတဲ့ ကလေးထက် နည်းနည်းကြီးတဲ့ တယောက်တော့ လွတ်သွားသတဲ့။ ဘယ်သူမှန်းမသိတဲ့ လူအုပ်ထဲက လူတယောက်ရဲ့ အသံတော့ ကြားလိုက်ရသေးတယ်၊၊ "ဟေ့ ဟေ့ အဲသလောက် မရိုက်နဲ့လေကွာ" တဲ့၊၊ ဒီလို ဘယ်သူမှန်းမသိရတဲ့ လူတယောက်က အော်လိုက်တော့ တချို့တယောက်တလေကပါ "ဟုတ်တယ်လေကွာ မင်းတို့က အဲသလောက်ရိုက်စရာလား ကလေးကွ အဲဒါ " စသဖြင့် ဆူဆူညံညံကလေး ဖြစ်သွားတော့မှ ကလေးကိုဆွဲလာတဲ့ ကျက်သရေမဲ့လူနှစ်ယောက်ဟာ အရိုက်ရပ်သွားတော့တာ၊၊
ဘယ်ကိုခေါ်သွားမယ် ဘာလုပ်ကြမယ် လိုက်စပ်စု လိုက်စနည်းနာ ကလေးနှစ်ယောက်ကို ဖေးမချင်ပေမယ့်လည်း အရာရာတိုင်းဟာ ကမ်းခြေသောင်ပြင်ပေါ်တင်နေတဲ့ ကြယ်ငါးတွေ မဟုတ်တော့ စိတ်ထဲက မကျေမချမ်းနဲ့ပဲ အိမ်ပြန်လာခဲ့ရတယ်။ ကလေးပုံစံကြည့်ရတာတော့ ဆံပင်က နီကြောင်ကြောင်၊ အသားအရည်နဲ့ အဝတ်အစားကလည်း ခပ်ညစ်ညစ် ဆိုတော့ ခန့်မှန်းကြည့်ရသလောက် ကျနော်တို့ နေ့စဉ် စိတ်မချမ်းသာသော်လည်းမြင်နေရတဲ့ ပလစ်စတစ်ကောက်၊ ပုလင်းကောက်၊ ဂရုဏာသက်လောက်မယ်ထင်သူဆီက တောင်း၊ လစ်ရင် နှိုက် စသဖြင့် လမ်းစပျောက်တယ် ဆိုတာထက်ကိုပိုတဲ့ လေလွင့်ကလေးငယ်တွေထဲကပါပဲ။ အဲဒီလို ကလေးတွေကိုတော့ လူတွေက ယေဘုယျအားဖြင့် ဂရုဏာမသက်နိုင်ကြတာများတယ်။ ကလေးတွေက စာရိတ္တပိုင်းဆိုင်ရာမှာပါ ချွတ်ချုံကျနေကြတာအများစု ဖြစ်နေတာကိုး။ ဒါဟာလည်း ရှင်းလို့မရနိုင်တဲ့ အစိုးရအဆက်ဆက် ညံ့ဖျင်းကြပုံ၊ ဆင်းရဲခြင်း သံသရာလည်ပုံမျိုးဆိုတော့ လူတယောက် လူတစုလောက်က တောင်တလုံး မြောက်တလုံးဖတ်ထားတဲ့ တက်ကျမ်းအတွေးလောက်နဲ့ ထဖြေရှင်းလို့ရတာမျိုးလည်း မဟုတ်ဘူး။ နက်နက်ရှိုင်းရှိုင်းတည်ရှိနေတဲ့ လှိုက်စားနေတဲ့ ပြဿနာမျိုးတွေ၊၊ အမြော်အမြင်ရှိတဲ့ အစိုးရမျိုးဆိုရင် ဒီလိုကလေးတွေအတွက် ရေရှည်စီမံကိန်းချ ဥပဒေရေးဆွဲ ကြပ်ကြပ်မတ်မတ်အကောင်အထည်ဖော်ဆိုတာမျိုးလုပ်ရမှာ။ တနေ့ တနေ့ ဘာသိဘာသာနေရင်း အဲဒီလိုကလေးငယ်တွေကို တွေ့ရတာ များများလာနေပြီ၊၊ တကယ်တော့ ဒီလိုကလေးတွေဟာ တကယ် သနားဖို့ကောင်းတဲ့ ဘဝတွေပါ။
တချို့ကလေးတွေဆိုရင် ဆယ်နှစ်မပြည့်တတ်သေး ဇရပ်တခုခုမှာ၊ ပန်းခြံထောင့်မှာ ကော်ဗူးလေးရှူလို့ ငြိမ်သက်နေကြတာမျိုး ခဏ ခဏ မြင်ရတယ်။ ဘယ်လိုက ဘယ်လို အစပြု တတ်ကုန်ကြတယ် မပြောနိုင်ဘူး။ ဒီလိုနဲ့ ခိုးဝှက်၊ လုယက်၊ တချိန်ကျတော့ လူ့အဖွဲ့အစည်းကို ဒုက္ခပေးမယ့် တကယ့်လူဆိုးတွေဖြစ်လာကြရတာပဲ။ ဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်ဆိုပြန်တော့လည်း နည်းလမ်းက မမှန်သေးဘူး၊၊ ပြုပြင်ရေးကျောင်းဆိုတာမျိုးတွေကလဲ သိပ်မထူးဘူး၊၊ ထောင်ကထွက်လာသလိုပါပဲ၊ ယဉ်ကျေးလိမ္မာသွားဖို့နေနေသာသာ ပိုဆိုးလာကြတယ်၊၊ လူသတ်ဓားပြတိုက်ဆိုတာတွေ ဖြစ်လာတယ်၊၊ လက်ယဉ်အောင် သင်တန်းပေးလွှတ်သလိုပဲ၊၊ ဘယ်အရာမဆို ဖြေရှင်းရမယ့် နည်းလမ်းတော့ ရှိမှာပါ၊၊ ဂရုမစိုက် လွှတ်ထားကြတဲ့ အကျိုးက ခုတလော ရာဇဝတ်မှုတွေ ထူပြော၊ ဓားထိုး လုယက်ဆိုတာတွေ ကျူးလွန်ကြသူတွေကို ကြည့်လိုက်ရင် ကလေးသာသာအရွယ်တွေကိုပါ တွေ့လာရတယ်၊၊
ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင်လည်း ကျောင်းစာတွေလည်း သင်နေပါလျက် မိဘဆွေမျိုး လူကြီးသူမတွေက သူများပစ္စည်းဥစ္စာ ခိုးတာဝှက်တာ မကောင်းဘူးနော် မလုပ်ရဘူး ဘယ်လိုပင် သွန်သင်သော်ငြား ကလေးဆိုတော့ ရှည်ရှည်မတွေး ခိုးခဲ့မိ၀ှက်ခဲ့မိတာတွေ ရှိခဲ့တာပဲ။ ခိုးသမှ အကုန်ခိုးတာ။ လောလောလတ်လတ် စားလို့ရတာလည်း မဟုတ်ပါဘဲ ငှက်ပျောပင်မှာ ငှက်ပျောခိုင်စိမ်းစိမ်းကြီး တွဲရရွဲကျနေတာမြင်ရရင် မနေနိုင်ဘူး။ အုပ်စုလိုက်သွား ကျောင်းလွယ်အိတ်ကလေးဘေးချ ဝါးခြမ်းစိမ်းစိမ်းနဲ့ အခိုင်ကနေ ဆွဲဖြတ်တာပဲ။ ပြီးတော့ အဲဒီ ငှက်ပျောခိုင်အစိမ်းလိုက်ကြီးကို စားမရ ပြုမရ အိမ်သယ်ပြန်တော့လည်း မိဘတွေက ဘာလုပ်ဖို့လဲ ဘယ်ကယူလာတာလဲ စသဖြင့် မေးလာရင် ခိုးခုတ်လာတာသိမှာစိုးတော့ အိမ်လဲမသယ်ရဲ။ ခြုံထဲဖွက်တာလိုလို မြေကျင်းတူးမြှုပ်တာလိုလိုနဲ့ အလဟဿ ပျက်စီးတာပါပဲ။ သူများခြံထဲက မာလကာသီး ခူးစားတယ်။ ခူးစားတယ်ဆိုတာမှာ စားလို့ရတဲ့အရွယ်ရော စားမရသေးတဲ့ အကင်းရော ဝါးလုံးနဲ့ရိုက်ချတာ။ ခြံရှင်တွေ့ရင်း ပြေး။ နှင်းသီး၊ သီဟိုဠ်သီး၊ သံပုယိုသီးတွေ တွေ့လည်း ခူးတာပဲ။ ကောင်းကောင်း မကောင်းကောင်း အိမ်ရောက်တော့ သကြားနဲ့ ဖျော်သောက်ကြည့်တယ်။ ဘာမှ စဉ်းစားမနေဘူး။ ငယ်တုန်းက ဘာမှန်းမသိတော့ ရဲယိုသီးတွေတောင် ခူးဝါးကြည့်ခဲ့ဖူးသေးတာ၊ တခါတည်း လက်လန်သွားတာပေါ့၊၊
သရက်သီးကတော့ ကလေးဘဝမှာ အများဆုံး ခိုးဖူးတဲ့ အသီး၊၊ မချစ်စု၊ ပန်းဆွဲ၊ ချဉ်စုတ်ပြီး စားမရတဲ့ ရင်ကွဲလဲ စဉ်းစားမနေနဲ့ ခူးသာခူး၊ ပြီးတော့မှ မေးတွေတောင်နေအောင် ကိုက်ဖဲ့စားတာပဲ။ ဘုန်းကြီးကျောင်းထဲက မြေပေါ် ပင်စည်နံဘေး ကပ်ပေါက်နေတဲ့ ပိန္နဲသီးလည်း မချန်၊ လစ်ရင်လစ်သလို ခိုးခူးကြတာ။ အဆိုးဆုံးကတော့ ကန်တော်ကြီး ကျွန်းကလေးတကျွန်းပေါ်က ရေလယ်ဇရပ်မှာရှိနေတဲ့ ဘုရားကလေးဆီကနေတောင် တချို့လှူဒါန်းသွားတဲ့ သုံးပြည်ဝင် ဆန်အိတ်ကလေးတွေ၊ ၀တ္ထုငွေကလေးတွေ သွားသွားစွန့်ကြတာ။ ဘုရားဆီကတော့ ခိုးတယ်မဆိုနိုင်ဘူး ထင်တယ်။ ဦးတွေဘာတွေချ တပည့်တော်တို့ကို စွန့်ပါဘုရားဆိုပြီး မချလာခဲ့တာပဲ။ ငရဲကြီးမှာတွေ ကံကြီးထိုက်မှာတွေ ဘာမှနားမလည်ဘူး။ မြင်နေပါလျက်နဲ့ တော်ပါပြီလေ ရယ်လို့ အပင်ပေါ် ကျန်ခဲ့တဲ့ အသီးဆိုတာ ကျနော်တို့ ကလေးဘဝ ရာဇဝင်မှာတော့ ရှိကိုမရှိတာ။ ကလေးတွေဆိုတော့ နစ်နာပါစေတော့ ဘာရယ်ညာရယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါတောင် ကျနော်တို့ ခိုးတယ်ဆိုတာက ဗိုက်ဆာလို့မဟုတ်ဘူးနော်၊ လက်တည့်စမ်းချင်တာ သက်သက်ပဲ၊၊
ကျနော်တို့ ငယ်ငယ်က သူငယ်ချင်းအုပ်စုလိုက် ခိုးကြတာဝှက်ကြတာကတော့ သာမန်ကလေး တွေထက်ကို အများကြီးပိုနေဦးမယ်ဆိုတာတော့ သိပါတယ်။ ဗရုတ်ကလည်း အလွန်ကျတဲ့ အဖွဲ့ကိုး။ မဟုတ်တာချည့် လုပ်လွန်းတော့ မိဘတွေ ဆရာတွေရဲ့အရိုက်အနှက်ကလည်း အင်မတန်ခံရတယ်။ တခါတလေ ကျောင်းသွားရင် ခြေသလုံးက အရှိုးရာတွေ အထိမခံနိုင်လို့ ပုဆိုးကလေးတွေတောင် မမသွားရတယ်။ ပေါက်ပေါက်ရှာရှာ အကုန်လုပ်တယ်။ တခါတုန်းကများဆိုရင် ကျနော်တို့ကလေးအုပ်စုဟာ အရောင်းအဝယ် စီးပွားရေးကြီး တခုတောင် လုပ်ခဲ့ကြသေးတယ်။ ကျနော်တို့ ရပ်ကွက်ရဲ့ အစွန်မှာ အချင်းအနေနဲ့ လူကြီးတရပ်လောက်ကို ကျယ်တဲ့ မြင့်တဲ့ ရေဆိုးပိုက်ခေါင်းလုံးလုံးကြီး တခုရှိတယ်။ တိရစ္ဆာန်ရုံထဲက ရေဆိုးတွေထုတ်တဲ့ မြောင်းကြီးထင်ပါရဲ့။ အဲဒီရေဆိုးမြောင်းကြီးအတိုင်း လိုက်သွားရင် တိရစ္ဆာန်ရုံအတွင်းထဲထိ ရုံဝင်ခမပေးရဘဲ ရောက်နိုင်တယ်။ ခက်ခက်ခဲခဲတော့ ဝင်ရတာပေါ့၊၊ စမ်းကြည့်ချင်လို့ အဲဒီမြောင်းလုံးကြီးအတိုင်းလိုက်ပြီး တခါဝင်ခဲ့ဖူးပါတယ်၊၊ တကိုယ်လုံးမြောင်းပုပ်ရေတွေ ပေလို့၊၊ ပုံမှန်က တိရစ္ဆာန်ရုံထဲ ကျနော်တို့က ခြံဇကာဖြဲဝင်ကြတာ၊၊ တိရစ္ဆာန်ရုံထဲက ဒရယ်ကြီးတကောင်ဟာ အဲဒီရေဆိုးပိုက်မြောင်းကြီးကနေ အပြင်ကို တခာ လွတ်ထွက်သွားခဲ့ဖူးတယ်။ ကျနော်တို့ကလေးအုပ်စုဟာ မိုးရာသီဆိုရင် ကလေးတယောက်အတွက် ခါးလယ်ကျော်ကျော်လောက်အထိ ရေတက်နေတတ်တဲ့ အဲဒီပိုက်ကြီးထဲဝင် ရေကူးကြတာ။ နွေဆိုရင်လည်း ခြေသလုံးမြှုပ်ရုံလောက် ရေရှိနေတတ်တော့ ဝင်ဆော့တာပါပဲ။ အဲဒီလို ဆော့နေရင်းမှ ကျနော်တို့ဟာ ဒီပိုက်ကြီးထဲ ငါးတွေ အင်မတန်ပေါတာကို သတိထားမိသွားကြတာပေါ့။
အစကတော့ ငါးတွေများလှချည်လားလို့ သတိထားမိရုံပါပဲ။ ဘာစိတ်ကူးမှလည်း မရှိဘူး။ နောက်ပြီး ငါးတွေက ငါးဇင်ရိုင်းတွေက အများစု။ သတိမထားရင် နှုတ်ခမ်းမွှေးက တော်တော်စူးတဲ့အကောင်တွေ။ ဒါပေမယ့် ကျနော်တို့ ကလေးအုပ်စုဟာ အခြားကလေးတွေထက် ပိုဆိုးကြတယ်၊ ကလေးမတန် ဗရုတ်ကြကြတဲ့ ကောင်တွေ၊ ပတ်ဝန်းကျင်နဲ့ လူတွေကို စူးစမ်းနိုင်မှုမှာလည်း အခြားကလေးတွေထက် သာသလို ဖြစ်နေတယ်။ မနက်ခင်း စျေးထဲ သရေစာမုန့်စားဖို့ သွား၊ အိမ်ကခိုင်းလို့ စျေးဝယ်သွားရင်းနဲ့ ငါးတန်းမှာ ရောင်းရောင်းနေတဲ့ ငါးဇင်ရိုင်းတွေနဲ့ အခြားငါးတွေ အပုံလိုက်ကြီးကို မြင်မြင်လာတော့ ရေဆိုးပိုက်မြောင်းကြီးထဲက ငါးတွေလည်း ဖမ်းပြီးရောင်းရင် ပိုက်ဆံတော့ ရမှာပဲလို့ သိလာကြတယ်။ ကျနော်တို့ ကလေးတသိုက် အုပ်စုလိုက် တိုင်ပင်ပြီး ငါးတွေဖမ်းရောင်းဖို့ တိုင်ပင်ကြတော့တယ်။ ဒီမှာ ပြဿနာက ကျနော်တို့ဟာ ငါးမမျှားတတ်ဘူး။ ငါးတွေကလည်း အရမ်းများလွန်းတော့ မျှားစရာလည်း လိုတော့မလိုပါဘူး။ လက်နဲ့ ကုန်းနှိုက်လိုက်ရင်ကို တကောင်နှစ်ကောင်တော့ ပါလာတတ်စမြဲ။ သို့သော် ငါးတွေက ငါးစင်ရိုင်းတွေအများစုဆိုတော့ လက်တွေလည်း ပေါက်ပြဲနဲ့မို့ ထင်သလောက် ခရီးမပေါက်ဘူး။ တချို့ကောင်တွေဆို ငါးဇင်းရိုင်ဆူးနဲ့ ဖျားတောင်ဖျားကြတယ်၊၊ ပိုက်လုပ်ရ အောင်လည်း ပစ္စည်းပစ္စယက အိမ်က ခြင်ထောင်ဖြုတ်မှသာ ရမယ့်အခြေအနေ။ အဲဒါကတော့ မဖြစ်ဘူး။ ခါးပတ်စာမိမှာ။
နောက်ဆုံး ကျနော်တို့ကလေးအုပ်စုဟာ တယောက်က ခြင်းနဲ့ဆွဲဖမ်း၊ အခြားတယောက်က ဓားနဲ့ခုတ်၊ တယောက်က နောက်ကလိုက် ဓားနဲ့ခုတ်ပြီးသား အကောင်တွေကို အမြီးကကောက် ဇလုံထဲထည့်၊ တာဝန်ခွဲဝေနိုင်ခဲ့ပါတယ်။ တရက်တရက်ကို လေးငါးပိဿာလောက် ရခဲ့တာ တလကျော်အထိပဲ။ မှတ်မိသလောက် အဲဒီတုန်းက တခါတခါ ရလာတဲ့ ငါးတွေကို ဒန်ဇလားကြီးထဲကိုထည့် အုပ်စုလိုက်ဗန်းရွက်၊ တအိမ် တက်ဆင်းရောင်းခဲ့တာဟာ တဗန်းလုံးကုန်မှ ငွေလေး လေးငါးရာ ရခဲ့တာပါ။ ကလေးတွေဆိုတော့ လူကြီးတွေကလဲ ညာချပြီး စျေးနှိမ်ကြတယ်ဗျ၊၊ ဒါပေမဲ့လဲ တနေ့မှ အိမ်ကနေ ခိုးကြေးအပါအဝင် မုန့်ဖိုးကလေး လေးငါးဆယ်ရတဲ့ ကျနော်တို့အတွက်တော့ တလကျော်ကျော်လောက် ရတနာပုံဆိုက်တာပါပဲ။ အဲဒီလို ငါးခုတ် ဗန်းနဲ့လှည့်ရောင်း ကျနော်တို့ သူငယ်ချင်းခြောက်ယောက်အုပ်စုဟာ အဲဒီတုန်းက အသက် ဆယ့်နှစ်နှစ်အရွယ်လောက်သာ ရှိခဲ့ကြသေးတာပါ။ ဘယ်ကလောက် ဆိုးသွမ်းခဲ့ကြတယ် မြင်ယောင်သာကြည့်ပါတော့။ သို့သော်လည်း ငယ်တုန်းက ခိုးခဲ့တယ် ၀ှက်ခဲ့တယ် ဆိုတိုင်း အရွယ်ရောက်တော့ သူခိုးကြီးဖြစ်သွားလေသတည်းချည့်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကျနော့် သူငယ်ချင်းတွေထဲ သူခိုး ဓါးပြဖြစ်သွားတယ်လဲ တယောက်မှတော့ မကြားမိခဲ့ပါဘူး။ ကျင်လည်ရာဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုက အများကြီအရေးပါလိမ့်မယ်၊၊ လက်မလျှော့လိုက်ဖို့ လျစ်လျူမရှုလိုက်ဖို့ပဲလို့ ကျနော်တော့ထင်တယ်၊၊ တကယ်တော့ ပတ်ဝန်းကျင်မှာ၊ နိုင်ငံမှာ လေလွင့်နေတဲ့ ခိုးချင် ဝှက်ချင် လုယက်ချင်တဲ့ ကလေးတွေ လူငယ်တွေ အရမ်းများနေတယ်ဆိုတာ အဲဒီပတ်ဝန်းကျင် အဲဒီနိုင်ငံ အဲဒီလူ့အဖွဲ့အစည်းရဲ့ ပယောဂလဲ တစိတ်တပိုင်း (ကြီးမားတဲ့ တစိတ်တပိုင်း) အားဖြင့် ပါတာပဲ၊၊ ဒီလိုဆိုတော့ တချို့က ကိုယ့်ထမင်းကိုယ်ရှာစား ကိုယ့်အိမ်ထဲကိုယ်နေရင်း ငါတို့မှာပါ အပြစ်ရှိသွားတာလားကွာလို့ စောဒကတက်ချင်ကြလိမ့်မယ် ထင်ပါတယ်၊၊ ဒါကတော့ လူ့သဘောထားပါပဲ၊၊ တော်တဲ့ ထူးချွန်တဲ့ လူတယောက်အတွက် ငါ့နိုင်ငံကကွ ငါ့မြို့ကကွ ငါ့ရပ်ကွက်ကကွ လို့ လက်ခမောင်းထခတ် ဂုဏ်ယူချင်ကြမှာတော့ သေချာသလောက်ပဲ၊၊ အောင်မြင်မှုမှာ အဖေများသလောက် ကျရှုံးမှုတွေကတော့ မိဘမဲ့ ပဲ ဆိုတဲ့စကားလိုပေါ့၊၊
လင်းခါး